“ဦးဇင်းတို့ရွာက ကန်စွန်းဥတစ်ဥကို လူဆယ်ယောက်လောက် ၀ိုင်းစားတာတောင် ကုန်ဘူးဆို”
အဲဒီစကားကို တစ်ဖတ်ရွာ ဒကာမတစ်ယောက်က စကားကြုံတာနဲ့ မေးလိုက်တာပါ။ ချက်ချင်းဆိုတော့ ကြောင်သွားတယ်။ ဘာပြန်ဖြေရမှန်းမသိဘူး။ ကိုယ့်စိတ်ထဲမှာလည်း ကန်စွန်းဥတစ်ဥကို လူဆယ်ယောက်လောက် ၀ိုင်းစားတာတောင် မကုန်နိုင်တာမျိုး ရွာမှာ တစ်ခါမှ မကြုံဖူး။ မကြားဖူးပါဘူးပေါ့။
ဒါနဲ့ အဲဒီ့စကား ဘယ်သူပြောတာလဲ မေးလိုက်တယ်။
ပြောပြတာက ကိုနိုင်ဝင်းတဲ့။ သူတို့ရွာမှာ လာတုန်းက ပြောသွားတာတဲ့။
အဲဒီ့စကား ကိုနိုင်ဝင်းပြောတယ်ဆိုကတည်းက သဘောပေါက်သွားပါတယ်။ သူ့ရာဇ၀င်ကို မသိလို့ သူပြောတဲ့စကား ထင်ယောင်ထင်မှား ယုံမိတာနေမှာပါ။
ကိုနိုင်ဝင်း ဘုန်းကြီးကျောင်းသားဘ၀တုန်းကရယ်။ ဆရာတော်ဘုရားရယ်၊ ကျောင်းသားတွေရယ်၊ အတူတူ ချမ်းလို့ မီးလှုံနေတဲ့ အချိန်မှာ ကိုနိုင်ဝင်းက ပြောတယ်။
ညက မြွေကြီးတစ်ကောင်တွေ့ပါတယ်တဲ့။ တော်တော်ကြီးပါသတဲ့။ တွေ့ပြီးသမျှ မြွေတွေထဲမှာ အဲဒီမြွေမှီတဲ့ မြွေဟာ မြွေမစစ်လို့ပဲ ဖြစ်မယ်တဲ့။ (လုပ်ပုံ၊ လုပ်ပုံ)
ဒါနဲ့ ကျန်တဲ့ ကျောင်းသားတွေက တအံ့တသြ မေးကြတာပေါ့။
“နိုင်ဝင်း မြွေက ဘယ်လောက်ကြီးတယ်”
အိုင်တင် မသိမသာလေးပေးပြီး နိုင်ဝင်းပြန်ဖြေတယ်။
“ကျောင်းတောင်ဘက်က မကြီးအိုပင်ကြီးလောက် ကြီးတယ်”
သူပြောတဲ့ မကြီးအိုပင်ကြီးရဲ့ လုံးပတ်က ကလေးငါးယောက်လောက် လက်ချင်းချိတ် ၀ိုင်းပတ်တာတောင် မှီချင်ချင်ရယ်။ သူ့မြွေ ကြီးကြောင်း အဲဒီ့မကြီးအိုပင်ကြီးကို ပမာပြု ပြောလိုက်တယ်။
ဒီတော့ ဘေးနားမှာ ရှိနေတဲ့ ဆရာတော်ပါ လန့်သွားတယ်။ သူ့ကျောင်းမှာ မကြီးအိုပင်ကြီးလောက်ရှိတဲ့ မြွေကြီး တကယ်ရှိနေလားဆိုတဲ့ သံသယလေးနဲ့ နိုင်ဝင်းကို သေချာမေးလိုက်ပြန်တယ်။
ဆရာတော်က “ဟုတ်ပါ့မလား နိုင်ဝင်းရာ။ မင်းတွေ့တဲ့ မြွေက မကြီးအိုပင်ကြီးလောက် ကြီးတယ်ဆိုတာ”
နိုင်ဝင်းကို ဆရာတော်က ရုတ်ချည်း ၀င်မေးလိုက်တာရယ်ကြောင့် သူနဲနဲ လန့်ကြောင် ကြောင်သွားတယ်။
ဒီတော့မှ
“ထန်းပင်လောက်တော့ရှိပါတယ်ဘုရား”
“ဟေ…ထန်းပင်လောက် ကြီးပြန်ပလား နိုင်ဝင်း” ဆိုပြီး ထပ်မေးလိုက်တော့
“ထွန်တုံးလောက်တော့ရှိပါတယ်ဘုရား”
“ဘာကွ…မင်းမြွေ ထွန်းတုံးလောက် ကြီးပြန်ပလား”ဆိုတော့
“၀ါးလုံးလောက်တော့ ရှိပါတယ်ဘုရား”
“ လာပြန်ပြီးလား ၀ါးလုံးလောက်”
“ခြေရာကြီးတွေ့ပါတယ်ဘုရား”
“ ဘာ…ခြေရာဖြစ်သွားပြန်ပလား”
“အသံတော့ ကြားလိုက်တာပဲဘုရား”
ဒီတော့မှ ဆရာတော်လည်း နိုင်ဝင်းလေကြီးတာမှန်း၊ သေချာသိသွားတယ်။ ကလေးဆိုတော့ နဲနဲ ခြောက်သလိုလိုပုံစံမျိုးနဲ့ ဆရာတော်က မေးလိုက်တာပါ။ မမေးလို့လည်းရဘူးလေ။ သူ့မြွေကြီးက မကြီးအိုပင်ကြီးလောက်ရှိနေတာကိုး။ လန့်ချင်စရာ။
စစ်မေးလေး မေးလိုက်ကာမှ မကြီးအိုပင်ကြီးလောက်ရှိတဲ့ မြွေက၊ မြွေရုပ်ပါ ပျောက်ပြီး အသံပဲ ကြားလိုက်တော့တယ် ဖြစ်သွားရတာပါ။
လူဆယ်ယောက်လောက် ၀ိုင်းစားတာတောင် မကုန်နိုင်တဲ့ ကန်စွန်းဥ ရွာမှာရှိကြောင်း လေကြီးခံလိုက်ရတဲ့ ဒကာမကို နိုင်ဝင်းဆိုတာ ဒီလိုရာဇ၀င်နဲ့လာတာပါလို့ ရှင်းပြလိုက်မှ သူနာဂစ်အမွှေခံလိုက်ရမှန်း သဘောပေါက်သွားရှာတယ်။ ဒကာမကြီးကို သူ့နာမည်အပြည့်စုံသိလားလို့ မေးလိုက်တော့ သိပါဘူးတဲ့။ ဒါနဲ့ မိမိက
“မသိရင်မှတ်ထားဒကာမ။ သူ့နာမည် အပြည့်စုံ လေအိုးနိုင်ဝင်း”
ဘာပဲပြောပြော ရာဇ၀င် မသိရင်၊ လေကြီးမှန်းတောင် သိလိုက်မှာဟုတ်ဘူးရယ်။ ဖေ့ဘွတ်မှာ စာတွေ အငမ်းမရ လိုက်ရှာဖတ်နေတုန်း၊ ကိုနိုင်ဝင်းအကြောင်း သတိရသွားတာပါ။
မော်ကွန်းသစ်