Saturday, May 1, 2010

သားသမီးများအတွက် အဖေ့အလင်္ကာ

(၁)
စာတွေရေးလာတာလည်း ဘယ်တော့များမှ အဆက်ပြတ်သွားဦးမယ် မသိ။ အခုတော့ ဖတ်လည်းဖတ်ချင်၊ ရေးလည်း ရေးနေချင်ဆဲ ဖြစ်ပါသေးတယ်။ ဘိုးတော်များလို အာရုံရတဲ့ အချိန်လေးပေါ့။ မိမိ အတွက်တော့ အာရုံ အမြဲတမ်းရအောင်လည်း မိမိရဲ့ စိတ်တွေကို အမြဲတမ်း နှိုးပေးရပေဦးမယ်။ စာတွေဖတ်ရင်လည်း ဖတ်လိုက်တဲ့ စာတိုင်းက မိမိကို စာဖတ်ဖို့ ပဲ တွန်းအား ပေးနေသလို ခံစားမိပါတယ်။ မိမိကြားဖူးထားတာက စာဖတ်ခြင်းကကို အနုပညာတစ်ခုတဲ့။

အနုပညာ ဆိုတဲ့ စကားလုံးရော၊ စကားလုံးကို လက်တွေ့ ရုပ်လုံးကြွအောင် ဖန်းတီးထားတဲ့ သဘောသဘာဝရော ငယ်ငယ်ကတည်း သဘောကျခဲ့တာဆိုတော့ မိမိကိုယ်တိုင် ဖန်းတီးပိုင်ခွင့် အပြည့်ရထားတဲ့ စာဖတ်ခြင်း အနုပညာတစ်ရပ်ကိုတော့ အကောင်ထည်ဖော်ရပေဦးမယ်။ ပြီးတော့ ဖတ်မိ၊ မှတ်မိသမျှအရာတွေထဲက လက်တွေ့ ကျင့်ကြည့်လို့  မိမိရဲ့ မပြောပလောက်တဲ့ လုံးလစွမ်း အားကြောင့် မအောင်မြင်တာရော၊ အောင်မြင်တာရော၊ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာလေးကနေပြီး အာလုံးကို မျှရပေဦးမယ်။

(၂)
ငယ်ငယ်က အဖေနဲ့ ပတ်သက်လို့  မိမိကျေနပ်ဝမ်းမြောက်မိတဲ့ အကြောင်းလေး ဖောက်သည် ချရဦးမယ်။ ဒီလိုပါ။ မိမိအသက် ဆယ်သုံးနှစ်သားလောက်ကတည်းက ရန်ကုန်ကို စတင် ခြေချခဲ့ ပါတယ်။ ကိုရင်လေး ခပ်ငယ်ငယ်ဆိုတော့ မိဘတွေက သားမောင်ကိုရင်ကို ရန်ကုန် မသွားခင် ကိုရင် ဟိုရောက်ရင်လေ စာကိုကြိုးစား၊ ကျန်းမာရေး ဂရုစိုက်၊ အိမ်ကိုလည်း လူကြုံရှိတိုင်း စာရေး၊ လိုတာရှိတာလည်းမှာ စသည် စသည် မှာတော့တာပါ။

မိမိလည်း ရန်ကုန်ရောက်တော့ မိဘတွေပေးတဲ့ သားသမီးအာဆေးလေးတွေကို သောက်ရင်း ဘ၀ကို စတင်ကူးခပ်ရပါတော့တယ်။ မိဘတွေ စောင့်မျှော်နေမယ့် သားမောင်ကိုရင်ဆီက ကျန်းမာရေး၊ ပညာရေး စတဲ့ မရေးတတ် ရေးတတ်၊ လက်ရေး၊ မလှမပ စာချွန်လွှာကိုလည်း လူကြုံရှိတိုင်း ပါးရတော့တာပါ။ အဲဒီစာထဲမှာ မိမိသိချင်တာလေးတွေ၊ လိုအပ်တာလေးတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အကြောင်းအရာလေးတွေအပြင် အမြဲတမ်းလိုလို ရေးထည့်မိတာက အဖေလည်း အရက်မသောက်ပါနဲ့  ဆိုတဲ့ သာမန်စကားလုံးလေးပါ။ အဖွဲ့ အနွဲ့ ဘာမှ မပါပါဘူး။ အဖေ့အတွက်၊ အဖေ့မိသားစု အတွက်၊ ပြီးတော့ အဖေနဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်အတွက် မိမိရေးလိုက်တဲ့ စာလေးကြောင့် နဲနဲမှ အကျိုးသက်ရောက်မှုရှိရှိဆိုပြီး ရေးလိုက်တာပါပဲ။

အဖေ့ အကြောင်းပြောရဦးမယ်။ အဖေက သူ့ ဘ၀ရဲ့ တစိတ်တဒေသလေးမှာ အရက်နဲ့  အပျော်ကြီး၊ပျော် ကိုကြီးကျော် လုပ်ခဲ့တဲ့ အကြောင်းပါ။ ကိုယ့်ပေါင်၊ ကိုယ်လှန်ထောင်းတဲ့ ဆိုတဲ့ စကားလည်း မိမိအတွက်တော့ ကိုယ့်ပေါင်ကိုယ်မှ ကိုယ်ပြန်လှန်မထောင်းရင် ဘယ်သူက အဲဒီ အနာကြီးကို မြင်မလဲ ဆိုတဲ့ စကားကြားဖူးကတည်းက လှန်ထောင်းနိုင်တာပဲ ကိုယ့်အတွက် အမြတ်ဆိုပြီး ထောင်းလို့ရသမျှ ထောင်းမိနေတော့တာပါ။ အဲဒီစကားကို ပြန်တော်လှန်ပြီး ထောင်းလို့ ရသမျှ ထောင်းတက်တဲ့ အကျင့်ပါလာအောင် အသိတွေပေးတဲ့ သူကိုလည်း ကျေးဇူးတင်ထိုက်ပါပေစွ။

အဖေက အရက်ကို အတော်ကြိုက်ပုံရပါတယ်။ ဒါပေမယ့် မိမိသိရသလောက်တော့ အလုပ်တော့ လုံးဝအပျက်မခံပါဘူး။ တစ်နေ့ တာ သူ့ လုပ်ရမယ့် အလုပ်တွေ ပြီးပီဆိုရင် အဖေနဲ့ သူရဲ့ လက်တွဲ ဖော် သူငယ်ချင်းတစ်သိုက် ၊ တခါတရံ ရွာထိပ်က ထန်းတော၊ တခါတရံ ပင်စင်ရ အရက်ဆိုင်စတဲ့ သူရာမေရယ ရှိရာ နေရာလေးတွေမှာ အမြဲတွေ့ ရပါတော့တယ်။

(၃)
မိမိရန်ကုန်ကို ရောက်တော့ အဖေ အရက်သောက်နေဆဲပါပဲ။ ဒါပေမယ့် သူ့ အတွက် အရက်ပြတ်ဖို့  အကြာင်းအရာများ စတင်ဖြစ်လာတယ်လို့ ပဲ ပြောရမလား။ မိမိဇာတိရဲ့ ဓလေ့အရ မိဘတွေ အတွက် သားကိုရင်၊ သားပဉ္ဇင်းများ ရှိထားပြီဆိုရင် သူတို့ ရဲ့နာမည်အရင်း ပျောက်ပြီးတော့ ဘုန်ကြီးအဖေ၊ ဘုန်းကြီးအမေ စတဲ့ ထိုထို ဂုဏ်ပုဒ်တွေ ရလာကြတော့တာပါ။ အဲဒီ ဂုဏ်ပုဒ်တွေ ရလာပြီဆိုရင်တော့ ရပ်ရေး၊ ရွာရေးကိစ္စအ၀၀မှာ အထူးဦးစားပေးခံရသလို၊ မကောင်းတာလုပ်လိုက်မိပြီဆိုရင်လည်း ဘုန်းကြီး အဖေ၊ ဘုန်းကြီးအမေ လုပ်နေပြီး ဒါလုပ်စရာလား ဆိုပြီး အကြီအကျယ် ရှုပ်ချခံရတော့တာပါပဲ။ (မလွယ်ပါပေစွ၊ ဘုန်းကြီးအဖေ၊ ဘုန်းကြီး အမေတို့ ရယ်)

သူ့ သားကိုရင်တစ်ယောက် မြို့ ကြီးပြကြီးမှာ ပညာတွေ ဆည်းပူးဖို့  စတင်ဟန်ပြင်ပြီဆိုရင် ဘုန်းကြီးအဖေ ဘုန်းကြီးအမေ ဖြစ်မယ့်သူများအတွက်တော့ ရွာထဲမှာ အနေအထိုင် ဆင်ခြင်ကြပေရောပဲ။ ဟုတ်တယ်လေ အဲလိုမှ မနေရင်လည်း ခုနှစ်ရက်သားသမီးတွေရဲ့ တံတွေးခွက်ထဲ မျောရတော့မှာ အသေချာပါပဲ။ မိမိရဲ့ အဖေကတော့ ခုနှစ်ရက် သားသမီးတွေရဲ့ စေတနာ၊ မေတ္တာလို့ပဲ ပြောရမလား၊ ဒါမှမဟုတ် ခပ်ရိုင်းရိုင်းတွေးရင် တံတွေးခွက်လို့ ပဲပြောရမလား။ ရွာရဲ့ ရပ်ရေး၊ ရွာရေး၊ အလှူပွဲလမ်းသဘင် ကိစ္စတွေမှာ တိုက်ရိုက်တဖုံ၊ ကွယ်ဝိုက်ပြီးတစ်မျိုး အပြောခံနေရတော့တာပါ။ ဒါက သူ့ ရဲ့ ကိုကြီးကျော် အပျော်ကြီး ဆက်မပျော်ဖို့ ရာ အကြောင်းတစ်ရပ်။


မိမိလည်း အိမ်ကို စာရေးတိုင်း အဖေအရက်မသောက်ပါနဲ့ ဆိုတဲ့ အဖွဲ့ အနွဲ့ မပါ၊ စာကြောင်းလေးကို သုံးပြီး အဖေရဲ့ အရက်သောက်တဲ့ ဂုဏ်ထူးတံဆိပ်ကို တနည်းတဖုံ စတင် ထုဖြိုရပါတော့တယ်။ မိမိရဲ့စာ ရောက်လာတိုင်းလည်း အဖေနဲ့တကွ မိသားစုအားလုံး စုပေါင်း စာဖတ်ကြတဲ့အခါ စာဖတ်ပြသူ အမတော်က အဖေအရက်မသောက်ပါနဲ့ ဆိုတဲ့ စာကြောင်းလေးကို ရောက်ရင် ဟန်ပါပါ၊ မာန်ပါပါ စာဖတ်ခြင်း အနုပညာတစ်ရပ်နဲ့  အဖေ့ရင်ကို ထိအောင် ပစ်လွှတ်ပါတော့တယ်။ အဲဒီ အချိန်မှာ အဖေက သူ့  သားတော်မောင်ရဲ့ ယိုးမယ်မဖွဲ့  ရှင်းလင်းပြတ်သားတဲ့ စာကြောင့်ရယ်၊ အမတော်ရဲ့ စာဖတ်ခြင်း အနုပညာတစ်ရပ်ရယ်ကြောင့် အဖေ့ အရက်ဖြတ်ဖို့ စတင်လှုပ်ရှားမှုပြုပါတော့တယ်။ သူ့ စိတ်ထဲမှာလည်း ဖြတ်ချင်လောက်တဲ့ ထိုထိုအကြောင်းများ ရှိနေဟန်တူပါရဲ့။

(၄)
တစ်နေ့မှာတော့ ရွာကလာတဲ့ စာလေးထဲမှာ ကိုရင်အဖေ အရက်ပြတ်သွားပြီတဲ့။ မိမိလည်း ၀မ်းသာလွန်းလို့ တကယ်လား ဘယ်လိုဖြတ်လိုက်တာလဲ စတဲ့ စကားများကိုသာ ရေရွတ်လို့ ရွာကို ဖုန်းဆက်ဖို့ ဖုန်းဆိုင်လေးရှိရာကို လျှောက်လာပါတော့တယ်။

ဖုန်းဝင်သွားတော့ အမတော်က ဖုန်းကို လာကိုင်ပါတယ်။ မိမိက “ဘယ်သူလဲ၊ နေကောင်းလား” စတဲ့ စကားများကိုပင် မေးမနေတော့ပါဘူး။ မိမိသိချင်နေတဲ့ လိုရင်းဖြစ်တဲ့ အဖေအရက် ပြတ်သွားပြီ ဆိုတာ တကယ်လား ဆိုတာကိုပဲ မေးချလိုက်တော့တာပါ။ အမတော်ကလည်း ၀မ်းသာနေတဲ့ အသံများနဲ့ တကယ်ဟုတ်တယ် ကိုရင်ရဲ့ စတဲ့ စကားများအစချီပြီး ဘယ်နည်း၊ ဘယ်ပုံပြတ်သွားတယ်ဆိုတာကို ပြောပြပါတော့တယ်။ ပြတ်ဖို့  ဖြစ်ပုံက ဒီလို ဒီလို ........။

အဖေက သူ့ ရဲ့ အရက်သမားဘ၀ကို အကြောက်တရားနဲ့  စတင် ကယ်ယူတော့တာပါ။ သူ့ အတွက် ငါးပါးသီလဆိုတာကို သိနေပေမယ့် မကြောက်တက်ရင် ငါးပါးသီလ ဆိုတာလည်း သူ့ အတွက်တော့ တခါတခါ ပျောက်ပျောက် သွားတတ်လို့ ပါ။ တစ်နေ့ မှာ သူ့ ရဲ့ လက်တွဲဖော် သောက်ဖော်၊ သောက်ဖက် သူငယ်ချင်းတစ်ယောက်နဲ့  အရက်ဖြတ်ဖို့  စတင်ချီတက်ပါတော့တယ်။ ရည်ရွယ်ချက်က အရက်ဖြတ်ဖို့ ပါတဲ့။ သူနေတဲ့ နေရာလေးကနေ တစ်ဘက်ကမ်းက ရွှေရင်ကျော် ဆရာတစ်ယောက်စီကို
လှေစီးပြီးတော့ သွားကြတာပါ။

(၅)
သူတို့ သူငယ်ချင်းနှစ်ယောက် ရွှေရင်ကျော် ဆရာဆီက နည်းနာများ ခံယူပြီး အရက်ဖြတ်လိုက် ကြပါပြီ။ သောက်ရင်တော့ စည်းကမ်းအတိုင်း ခံကြပေရောတဲ့။ ထိပြီ....။ အဖေ အတွက် ထိပြီ....။ ဆရာချမှတ်ထားသောမူများကို အဖေကြောက်ရချေပြီ။ အဖေရဲ့ အတွေးလေးလည်း ကြည့်ဦး၊ လောကီတစ်ဝက်၊ လောကုတ္တရာတစ်ဝက် အတွေးလေး။ ဆရာပြောသလို ငါလိုက်နာမယ်၊ ပြီးတော့ ငါ့မိသားစုအတွက် ငါ့ပတ်ဝန်းကျင်အတွက် ဖြတ်ရမယ်။ ငါးပါးသီလဆိုတာလည်း ငါလုံအောင်တတ်နိုင်သမျှ ကြိုးစားထိန်းမယ်၊ ပြီးတော့.....ပြီးတော့ .....ရွှေရင်ကျော် စည်းကမ်း၊ စသည်စသည် ဆက်ကာဆက်ကာ တွေးတဲ့ အဖေ့ နှစ်ဘက်ရအတွေး ။

ဒီလိုနဲ့  သူတို့ နှစ်ယောက် အရက်မသောက်တော့ဘဲ ဆက်လက်ရှင်သန်မယ့် ဘ၀လေးကို အတွေးများနဲ့ မိတ်ဖွဲ့ ရင်း တဖတ်ကမ်းစီကို ရောက်အောင် လှော်ခတ်ခဲ့ကြပါတော့တယ်။ တစ်ဖတ်ကမ်းအရောက်မှာပြန်တွေးတဲ့
အဖေ့သူငယ်ချင်း အတွေးလေးကိုလည်း ပြောရအုံးမယ်။ သူတွေးပုံကိုလည်းကြည့်ဦး။ အရက်ဆိုင်ရှေ့ က ဖြတ်လျှောက်တော့ သူ့ သူငယ်ချင်းက အဖေ့ ကို စပြီး တိုင်ပင်ပါတော့တယ်။ သူငယ်ချင်း ငါတော့ မောလာပြီကွာ နဲနဲ ၀င်ချလိုက်ရအောင်တဲ့။

အဖေက “မလုပ်ပါနဲ့ ကွာ အခုပဲ ဖြတ်လာတာ အခုပြန်သောက်မယ်ဆိုတော့ မကောင်းပါဘူးကွာ။ ပြီးတော့ စည်းကမ်းတွေကလည်း အများကြီးပဲ။ ရွာရောက်ရင်လည်း ရှက်စရာ။ အောင့်ထားပါကွာ” ဆိုပြီး ပြန်ပြောလိုက်တာပါ။ သူ့ သူငယ်ချင်းကလည်း မရပါဘူး။ သိကြားမင်း ဆင်းတားတောင် မရနိုင်မယ့်သူ့ ရဲ့ တမ်းတမ်းစွဲ "ဇ" ကို ဒီလိုပြန်ပြလိုက်တာပါ။

“ငါတို့ ဖြတ်တာက ဟိုဘက်ကမ်းမှာပါကွာ၊ အခုက ဒီဘက်ကမ်းရောက်နေပါပြီ။ ဟိုဘက်ကမ်းက ဟာတွေ ဟိုမှာပဲ ထားခဲ့ပါကွာ”တဲ့။ အမလေး ...........။ အဆူဆူသော ဘုရားများ ကယ်တော်မူကြပါ။

(၆)
လူတစ်ယောက်ဟာ ဘ၀မှာ ဆင်ခြင်တတ်ခြင်း အတတ်နဲ့  ပြင်ဆင်တတ်ခြင်း အတတ်နှစ်ခုကို ပိုင်ပိုင်နိုင်နိုင် အသုံးချတက်ဖို့ လိုပါတယ်။ လောကကြီးမှာ ဆုံးရှုံးနိုင်တာတွေ အများကြီးပါပဲ။ ပတ်ဝန်းကျင်ကြောင့် ဆုံးရှုံးရသလို၊ အရက်၊ လောင်းကစားစတဲ့ မကောင်းတဲ့အာရုံတွေကြောင့် လည်း ပျက်စီးဆုံးရှံး ကြရမှာပါ။ ပြီးတော့ မမြင်နိုင်တဲ့ သဘာဝဘေး ဒဏ်တွေကလည်း ဆုံးရှုံးစေနိုင်တာပါပဲ။

အဲဒီ ဘေးဒဏ်တွေကို ကာကွယ်ဖို့  ကျရောက်လာရင်လည်း ဆုံးရှုံးမှုတွေအတွက် ပူပန်မှုတွေ မကြီးစိုးစေဖို့  ဆင်ခြင်တတ်ရပါမယ်။ ပြင်လည်း ပြင်ဆင်တတ်ရပါမယ်။ မိမိကိုယ်ကိုယ်၊ မိမိ "ဘ၀မှာ လုပ်သင့်၊ လုပ်ထိုက်တာတွေအတွက် ဆင်ဆင်ခြင်ခြင် ငါလုပ်ကိုင်နိုင်စွမ်းရှိရဲ့လား။ ဆုံးရှုံးမှုတွေ အတွက်ရော ခံနိုင်ရည်ရှိဖို့  ဘာတွေ ပြင်ဆင်ထားပြီးပြီးလဲ"လို့  မေးကြည့်ပေးပါ။ အဖြေထွက်လာရင်တော့ ထွက်လာတဲ့ ရလဒ်အတိုင်း ကြိုးစားလုပ်ဆောင်ဖို့ ပါပဲလေ။

မိတ်ဆွေ...။ အဖေလည်း အခု အရက်ပြတ်သွားပြီ။ ဘုန်းကြီး အဖေလို့ လည်း ရဲရဲဝံ့ဝံ့ အခေါ်ခံရဲနေပါပြီ။ သတိရလို့ ဖုန်းဆက်တိုင်းလည်း "အဖေ ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့် သီလယူနေတယ်တဲ့၊ သူပြန်လာမှ ပြန်ခေါ်ပါ"တဲ့။ ပြီးတော့လေ သူ့ သားသမီးတွေကိုလည်း “ငါ့သား၊ ငါ့သမီး တို့  အရက်မသောက်ကြနဲ့  ကွ.”လို့ လည်း အလင်္ကာမြောက်အောင် ယုတ္တိကျကျ ပြောဆို ဆုံးမ ပေးနေလေပြီ။
Share