Monday, August 1, 2011

လူလည်ခေါင်မှာ ကိုကိုခေါ်နဲ့

မနှစ်ကမြန်မာပြည်ပြန်တော့ ၀ါဆိုခါနီးအချိန်ဖြစ်သည်။ နှစ်နှစ်ကျော် ငံ့လင့်ရှာခဲ့သည့် ၀ါဆိုသင်္ကန်းကပ်တွေကိုလည်း အလှိုင်လှိုင် ကြွခွင့်ရသွားသည်။ မိမိတို့ကျောင်းတွင် ရပ်ဝေးမှာ ရောက်နေကြသော နယ်ဘက်က ဒါယကာ၊ ဒါယိကာမများက နှစ်စဉ်နှစ်တိုင်း စုပေါင်း ၀ါဆိုသင်္ကန်းဆပ်ကပ်လေ့ရှိကြသည်။ အဲဒီဝါဆိုသင်္ကန်းကပ်ချိန်ဆိုလျှင် မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းများကို ဆုံတွေ့ခွင်ရသည်။

ဝါဆိုသင်္ကန်းကပ်ပြီးချိန်တွင် ကျောင်းနေဘက် သူငယ်ချင်းများနှင့် ကျောင်းတုန်းကအကြောင်းတွေ တစ်ယောက်တစ်ပေါက် ပြောဖြစ်ကြသည်။ စကားတွေ ပြောနေကြစဉ် သူငယ်ချင်း ဗိုလ်ပေါက်စက မိမိရဲ့ ဟန်းဖုန်းကို ကောက်ကိုင်ကြည့်သည်။ ပြီးတော့

“ဟင်…တို့ဦးဇင်း ဟန်းဆက်က ဖုန်းပဲ ဆက်လို့ ရတာပလား ဘာဖန်ရှင်မှလည်း မပါဘူး”လို့ ပြောတော့ ပြောလက်စစကားတွေ ခဏရပ်ပစ်လိုက်ကြပြီး မိမိရဲ့ ဖုန်းပဲဆက်လို့ရတယ်ဆိုသည့် ဖုန်းလေးကို အားလုံး ၀ိုင်းကြည့်ကြသည်။

မိမိက “ဖုန်းပဲဟာ…ဖုန်းဆက်ရရင် တော်ပြီပေါ့ကွာ…”

“ဟုတ်သေးဘူးလေ…မမ်ပီသရီး၊ မမ်ပီဖိုးလေးတော့ပါအုံးမှပေါ့…ဒါမှ ဦးဇင်းသွားရင်း၊လာရင်း တရားတွေ ကြည့်လို့၊ နားထောင်လို့ရမှာပေါ့၊ ပြီးတော့ ကင်မရာလေးပါ ပါရင် ပိုကောင်းတယ်၊ လက်ဆော့ ရိုက်လို့ရတယ်”

“တော်ပါပြီကွာ…မြန်မာပြည် ပြန်ရောက်ခိုက် ခဏကိုင်တာပါ။ ပြီးတော့ ၄၅၀စီဒီမမ်အေ ဟန်းဆက်တွေက ဖန်ရှင်ဆုံတာ ရှားတယ်မို့လား”

“မရှားဘူးဦးဇင်း…အခု တပည့်တော် ကိုင်တဲ့ ဟန်းဆက်က ဖန်ရှင်စုံတယ်။ ဦးဇင်း သုံးမလား
တပည့်တော် အခုကိုင်နေတဲ့ ဟန်းဆက် လှုခဲ့မယ်”ဟုဆိုကာ
မိမိက အဖြေပင် မပေးလိုက်ရ။ အဖုံးလှပ်၊ ကဒ်ဖြုတ်ကာ ဖန်ရှင်စုံလှသော သူ့ဟန်းဆက်နှင့် မိမိဟန်းဆက်ကို လဲလှယ်မှု ပြုလေတော့သည်။

သူငယ်ချင်းတွေနှင့် စကားပြောနေစဉ်မှာ မိမိဒကာ တစ်ယောက်ရောက်လာသည်။ ဒကာက ၀တ်ပြုပြီး…
“ဦးဇင်း ၀ါဆိုသင်္ကန်းကပ်ချင်လို့ဘုရား။ တပည့်တော် ဦးဇင်းဖုန်းကို ဆက်နေတာ မရဘူးဘုရား။ ဒါနဲ့ တခါးတည်း ကျောင်းကို လာလိုက်တာ… အခုတခါးတည်း ကြွပေးနိုင်မလားဘုရား”

မိမိလည်း ကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်ပြီးချိန်ဖြစ်သဖြင့် အားနေသောကြောင့် “အော်…ရပါတယ်ဒကာ..အိမ်မှာပဲမို့လား”

“တင်ပဘုရား တပည့်တော်အိမ်မှာ ကပ်မှာပါ။ ရပ်ဆွေ၊ ရပ်မျိုးတွေကိုလည်း နည်းနည်းပါးပါး ဖိတ်ထားတယ်ဘုရား”

“အော် ဟုတ်ကဲ့ ရပါတယ်ဒကာ..ဦးဇင်း သင်္ကန်းရုံလိုက်ပါအုံးမယ်…ခဏစောင့်ပါ” ဟုပြောကာ သင်္ကန်းကို ခပ်မြန်မြန်ရုံလိုက်သည်။

သင်္ကန်းရုံပြီး သူငယ်ချင်းတွေကိုလည်း နောက်တွေ့ကြတာပေါ့ကွာဟု နှုတ်ဆက်ကာ ဒကာရဲ့ ကားပေါ်တွင် လိုက်ပါလာခဲ့သည်။ ဖုန်းကိုတော့ ချိတ်နေကျ မိမိခါးမှာပင် ချိတ်ခဲ့သည်။

ကားပေါ်မှာ ဒကာတော်နှင့် စကားတွေ ပြောဖြစ်ကြသည်။

"ဦးဇင်းတို့ ရဟန်းဘ၀ကို တပည့်တော် အရမ်းအားကျတယ်ဘုရား။ အိမ်ထောင်သားမွေးကိစ္စတွေမရှိတော့ တရားကို ကောင်းကောင်းအားထုတ်လို့ရတယ်ဘုရား၊ လူတွေလိုလည်း မရှုပ်တော့ဘူးပေါ့ ဘုရား။ နောက်ပြီး အကြောင်းတိုက်ဆိုင်လို့ ဦးဇင်းတို့နဲ့ စကားပြောမိတိုင်းလည်း မိန်းမအနံ့ မပါဘူးဘုရား၊ တရားသဘောချည်းသက်သက်ပဲ ကြားရတာ။ တပည့်တော်တို့ လူတွေအချင်းချင်းကတော့ ဟုတ်ပါဘူးဘုရား..။ မပြောလိုက်နဲ့ ပြောလိုက်တာနဲ့ ကိလေသာအညှီနံ့တွေ ထောင်းနေတဲ့ ဘူတာပဲ ပြန်ပြန်ဆိုက်ကြတာဘုရား…"

မိမိက ဟုတ်ပါတယ်ဒကာ စသဖြင့်၊ စသဖြင့် ဒကာရဲ့စကားကို အလိုက်သင့်ကလေးသာ နောက်က လိုက်ထောက်ပေးနေခဲ့သည်။

ဒကာက ကိလေသာ အညှီအနံ့တွေ တော်တော်ပဲ စိတ်ကုန်လို့လားတော့ မသိ၊ သူ့အသံတွေက သံဝေဂအသံတွေ၊ နောင်တအသံတွေနဲ့ ဖြစ်နေသည်။ ဒကာက ဆက်ပြီး ပြောပြန်သည်။

“အင်း…ကိလေသာတွေ..ကိလေသာတွေဘုရား ငရဲတော့ ဇောက်ထိုးကြကြရအုံးမယ်…တပည့်တော်တို့မှာ သိလျှက်နဲ့ မိုက်နေကြတာဘုရား…. ဘယ်လောက်ပဲ သံဝေဂရရ၊ ဘယ်လောက်ပဲ နောင်တစိတ်တွေဝင်ဝင် ဖေကြီးခေါ်သံ၊ မောင်မောင်ခေါ်သံ၊ ကိုကိုခေါ်သံတွေ ချွဲချွဲနွဲ့နွဲ့အထာတွေ ပြန်ကြားပြန်မြင်ရင်လည်း သံဝေဂစိတ်တွေ နောင်တစိတ်တွေဟာ ဘယ်ပျောက်ကုန်ပြန်လဲ မသိဘူးဘုရား အကုန်ပျောက်ကုန်ရော...ပြီးတော့ ပြန်သာယာပြန်တာပါပဲ ဘုရား”

ဒကာက အဲဒီလိုတွေ ပြောနေစဉ် မိမိလည်း စိတ်ကူးထဲမှာ “အော်…ရဟန်းဘ၀ လူတွေအားကျလည်း အားကျချင်စရာပါပဲ…ဒကာပြောသလို ဖေဖေ၊ ကိုကို၊ မောင်မောင်တွေမှ ရှိဘဲဟု အတွေးဝင်နေခိုက်…

ကိုကိုရေ…ဖုန်းလာနေတယ်…ကိုကို…ဖုန်းလာနေတယ်နော်….ကိုကို..ဖုန်းလာနေပါတယ်ဆို ပြောနေတာ မကြားဘူးလား…မုန်းချင်စရာဂျီး... ခေါ်မကြား အော်မကြား…မိန်းကလေးအသံ၊ ရိုးရိုးပြောနေသည်ပင် မဟုတ်၊ ခပ်ချွဲချွဲဖြစ်နေသည့်အသံ၊ ပထမတစ်ခါပြီးတော့ ဒုတိယတစ်ခါ ထပ်အော်ပြန်သည်။ ဒကာ့ကို တချက်ဝေ့ကြည့်လိုက်သည်။ ကားမောင်းနေတုန်းမို့ မအားလို့ မကိုင်တာလား...။ ဒကာတော်ကလည်း ပြန်ကြည့်သည်။ ဒုတိယတစ်ခါ ကိုကိုခေါ်သံအဆုံး တတိယတစ်ခါတွင် ကောင်းမလေးက ချွဲနေသည့် လေသံဖြင့်ကိုကိုခေါ်မည်အလုပ်မှာ ဒကာတော်က

“ဘုန်းဘုန်း…ဖုန်း ကိုင်လိုက်လေဘုရား” မိမိလည်း ကြောင်သွားကာ
“အမ် ဒကာရဲ့ ဖုန်းကအသံ မဟုတ်ဘူးလား”
“ဘယ်ကလာ….တပည့်တော်ဖုန်းက အိမ်မှာ ကျန်ခဲ့တာဘုရား…ဘုန်းဘုန်း…ဖုန်းပါတယ်မို့လား…”
“ဟုတ်ပါတယ်…”
မိမိခါးတွင် ချိတ်ထားသည့် အိပ်ထဲမှ ဖုန်းကို ဗျာကယာ ထုတ်ကြည့်လိုက်သည်။ ဟုတ်ပ မိမိရဲ့ဖုန်းက မြည်နေသည်ပဲ…”ကိုကိုရေ…”တဲ့။ ဒကာတော်ကို အတော်မျက်နှာပူသွားသည်။ ဖုန်းကို ပြန်ဖြေလိုက်တော့ ဖုန်းလှူခဲ့သည့် သူငယ်ချင်းဗိုလ်ပေါက်စ။
ဟဲလိုပြောပြီး "မင်းက ဖုန်းသံကို ဘာသံကြီးထည့်ခဲ့တာလဲ"ဟု ချက်ချင်းပင် မေးလိုက်မိသည်။ သူငယ်ချင်းကလည်း နားမလည်သဖြင့် ဘာပြောတာလဲဘုရားဟု ပြန်မေးသည်။
“ဖုန်းထဲကို ထည့်ခဲ့တဲ့ Ring tone အသံလေကွာ”
သူငယ်ချင်းက သဘောပေါက်သွားကာ
“အော်…တပည့်တော်ဖုန်းကို တပည့်တော် အဲဒီကိုကိုရေဆိုတဲ့ ကောင်းမလေး Ring tone အသံ ပေးထားမိတာ…တပည့်တော် ဦးဇင်းကို ပြောင်းပေးဖို့ မေ့သွားတယ်…တပည့်တော် အဆင်ပြေလားလို့ ခေါ်ကြည့်တာပါ ဦးဇင်း….အဲဒီ ဟန်းဆက် လိုင်းဆွဲအား ကောင်းတယ်နော်ဘုရား ခေါ်လိုက်တာနဲ့ ချက်ချင်းဝင်….
မိမိလည်း သူ့ကြောင့် ကိလေသာတွေအကြောင်းတွေ ထုတ်ဖော်ညည်းညူရင်း၊ ရဟန်းတွေရဲ့ ဘ၀ကို လွန်စွာမှ အားကျရှာသော ဒကာတော်ရှေ့တွင် လွန်စွာစိတ်မသက်မသာဖြစ်ရပြီး၊ စိတ်တိုမိသွား၍
“မင်းအမေကြီး…ချက်ချင်းဝင်”ဟုပြောကာ ဖုန်းကို ပြန်ချလိုက်သည်။

လမ်းမှာတော့ ဒကာတော်ဆီက ကိလေသာတွေကြောင့် ဖြစ်နေရတဲ့ သူ့ရဲ့သံဝေဂတွေ၊ နောင်တတွေလည်း ဆက်လက် မကြားရတော့ပေ။
မကြားရတာပဲ ကောင်းသည်. ဆက်ပြောနေရင် မျက်နှာပူဖို့ အတော်ကောင်းသည်။
ကားပေါ်မှာ ဒကာနှင့် နှစ်ယောက်တည်းမို့ တော်သေးသည်။ တော်ကြာ အိမ်ရောက်မှ တရားဟောနေစဉ် တရားနာ ပရိသတ်တွေအကြား ဖုန်းကထမြည်မှဖြင့်...

“သံသရာရှည်တယ်ဆိုတာ ကိလေသာ၊ အမိုက်မှောင်တွေကြောင့် ရှည်နေတာ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်ဘုရား”
“အေး…ဒကာတော် စောစောက ကားပေါ်မှာ ပြောခဲ့သလို ဖေဖေခေါ်ရင် သာယာလိုက်၊ မေမေခေါ်ရင် သာယာလိုက်နဲ့ ဒီကြားထဲ ကိုကိုခေါ်သံတွေ မောင်မောင်ခေါ်သံတွေက ရှိသေးတယ်။ ဒါတွေကို သာယာနေလို့ မဖြစ်ပေဘူး.. အဲဒီလိုသာ သာယာနေမယ်ဆိုရင် သံသရာလည်းရှည်မယ်…အပါယ်တံခါးရော ပိတ်ပါအုံးမလား”
“မပိတ်ပါဘူးဘုရား”
“အဲဒီ သံယောဇဉ်ကြိုးလေးတွေကိုလည်း ဝေးဝေးကရှောင်ရင်းနဲ့၊ မရရအောင် ကြိုးစားဖြတ်ကြရမယ်…သဘောပါရဲ့လား…တို့တရားနာပရိသတ်”
ကိုကိုရေ…ဖုန်းလာနေတယ်...ကိုကို…ဖုန်းလာနေတယ်နော်….ကိုကိုရေ…ဖုန်းလာနေပါတယ်ဆို…
မုန်းချင်စရားဂျီး...ခေါ်မကြား…အော်မကြား….

မော်ကွန်းသစ်
၁.၈.၂၀၁၁











Share